ဤကျမ်းကိုမလေ့လာမီ ရှေးဦးစွာ သတိပြုသင့်သော အကြောင်းအရာ
တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊
သမေ စိတ္တေ သမံ ဖလံ။
စေတော မဏိဓိ ဟေတူဟိ၊
သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိ။
တိဋ္ဌန္တေစ၊ သက်တော်ထင်ရှား ရှင်တော်ဘုရား၌
လည်းကောင်း။ နိဗ္ဗုတေစာပိ၊ နိဗ္ဗာန်ဝင်သွား ရှင်တော်
ဘုရား၌လည်းကောင်း၊ စိတ္တ၊ စိတ်စေတနာသဒ္ဓါတရား
သည်။ သမေ၊ တူမျှသည်ရှိသော်။ ဖလံ၊ အကျိုးသည်။
သမံ၊ တူမျှသည်။ ဟောတိ၊ ဖြစ်၏။ စေတော ပဏိဓိ
ဟေတူဟိ၊ စိတ်စေတနာကို တူစွာထားနိုင်ခြင်းဟူသော
အကြောင်းတို့ကြောင့်။ သတ္တာ၊ သတ္တဝါတို့သည်။
သုဂ္ဂတိ၊ သုဂတိဘဝသို့။ ဂစ္ဆန္တိ၊ လားရောက်ရကုန်၏။
(က) သက်တော်ထင်ရှား မြတ်စွာဘုရား။
(ခ) နိဗ္ဗာန်ဝင်ပြီးသော မြတ်စွာဘုရား။
ဤနှစ်မျိုးသော ဘုရားရှင်တို့အား ကိုးကွယ် ဆည်း
ကပ် ပူဇော်မှုကို ပြုကြရာ၌ စိတ်စေတနာ သဒ္ဓါယုံကြည်
မှုကို တူညီအောင်ထားကြရမည်။ မြတ်စွာဘုရား ခန္ဓ
ပရိနိဗ္ဗာန် ဝင်စံရုတ်သိမ်း၍ ချုပ်ငြိမ်းတော်မူသွားသော်
လည်း ကိုယ်စားတော်ဘုရားရှင်တို့ အထင်အရှား ကျန်
ရှိနေသေးသည် ဖြစ်သောကြောင့် သက်တော်ထင်ရှား
ကိုယ်တော်တိုင်အလားကဲ့သို့ စိတ်ထားတူမျှ အာရုံပြုကြ
ပြီးလျှင် ကိုးကွယ်ကြ၊ ဆည်းကပ်ကြပါမူကား တူညီစွာ
အကျိုးခံစားခွင့်ရှိကြောင်း ဖော်ပြသော ဒေသနာတော်
ကို ယုံကြည်စွာ နှလုံးပိုက်ကြရမည်။
ဗုဒ္ဓရှင်တော်မြတ် ပရိနိဗ္ဗာန် ဝင်စံတော်မူပြီး
သည့်နောက် ဘုရားရှင်၏ သရီရဓာတ်တော်များကို
အဇာတသတ်မင်း စေတီတည်ထား ကိုးကွယ်လျက်ရှိရာ
သီတင်းသည်မ တစ်ယောက်သည် ၄င်းဓာတ်တော်များ
ကို ကြည်ညိုစွာအာရုံပြုလျက် ထက်သန်သော သဒ္ဓါ
တရားဖြင့် ပန်းများဖြင့်ပူဇော်ရန်သွားခိုက်တွင် စေတီ
တော်သို့ မရောက်မီ နွားဝှေ့သောအန္တရာယ်ကြောင့်
ယင်းဘဝမှစုတေ၍ ဓာတ်တော်များအား ပူဇော်ရန်
သွားသော စိတ်စေတနာ သဒ္ဓါတရားကြောင့် တာဝတိံ
နတ်ပြည်၌ ပီတဝိမာနပိုင်ရှင် နတ်သမီး ဖြစ်ရလေ
သာပြီ။
ဤအတ္ထုပ္ပတ်ကြောင့် ညွှန်ပြခဲ့သော “တိဋ္ဌန္တေနိဗ္ဗူ
တေစာပိ စသော ဒေသနာတော် ဖြစ်ပေါ်ရပေသည်။
ဤသို့ သက်တော်ထင်ရှား ဘုရားမရှိသော်လည်း
သက်တော်ထင်ရှားဘုရားကဲ့သို့ စိတ်စေတနာ သဒ္ဓါ
တရား တူညီစွာထားနိုင်ဖို့ အရေးကြီးပါသောကြောင့်
ရှေးဦးစွာ ဤစာတမ်းဖြင့် သတိပေးရခြင်း ဖြစ်ပါ
သတည်း။


